Instructional Video ရိုက်ကူးရေးဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်း
Instructional Video ရိုက်ကူးရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂-၈-၂၀၂၄)ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ Aller Aqua Group မှတာဝန်ရှိသူများနှင့် Rain Media Company မှ သင်တန်း နည်းပြဆရာများနှင့် ဦးစီးဌာနများ/ တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိဦးစီးဌာန၊ တက္ကသိုလ် များအနေဖြင့် လယ်ယာသီးနှံသားငါးများကို စိုက်ပျိုးမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံပိုလျှံရေးကိုရည်ရွယ်၍ တောင်သူများနှင့် လုပ်ငန်းရှင်များထံသို့ နည်းပညာများ၊ အသိပညာများနှင့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် Instructional Video များရိုက်ကူးပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ ထားသည့် မိုဘိုင်းဖုန်းကွန်ရက်အသုံးပြု လူမှုမီဒီယာများမှတစ်ဆင့် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ ပါသည်။
အဆိုပါသင်တန်းကို (၂-၈-၂၀၂၄)ရက်မှ (၄-၈-၂၀၂၄)ရက်ထိ (၃)ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူ(၅၄)ဦး တက်ရောက်ပြီး သင်တန်းတက်ရောက်ပြီးနောက် Instructional Video စုစုပေါင်း (၁၅၇)ခုကို သက်ဆိုင်ရာဌာနများက ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ရိုက်ကူး ဖြန့်ဝေခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။